တိမ်မဲ့ကဗျာ


 အတွေးတွေက ကဗျာဆန်ပေမယ့်

လက်တွေ့မှာတော့ ကာရံတွေမပါခဲ့ဘူး..။


အလှပဆုံးပန်းချီကားတချပ်

ရေးဆွဲဖန်တီးချင်ပေမယ့်လဲ

ငါ့နှလုံးအိမ်မှာ ဆေးရောင်တွေ မစုံတော့ဘူးလေ..။


မှောင်ပိတ်နေတဲ့ ဒီလောကကြီးထဲမှာ

မျှော်လင့်ချက်မဲ့ ရှင်သန်နေရခြင်းက

သေရတာထက် ပိုခက်ခဲတယ်..။


အနာဂတ် စိတ်ကူးအိပ်မက်တွေက

လွဲမှားမှုများစွာနဲ့ ပစ္စုပ္ပန်ကိုရောက်ခဲ့တော့

ခါးသည်းတဲ့ အတိတ်တွေကို မွေးဖွားပေးသွားတယ်..။


တလမ်းသွား အချိန်စက်ဝန်းဘောင်ထဲမှာ

မှားခဲ့သမျှတွေ ပြင်ဆင်ခွင့်မရှိတော့..

နတ်ဆိုးရဲ့ကျိန်စာတွေက 

လှည်းဘီးပမာ ထပ်ကြပ်မကွာလိုက်လို့ပေါ့..။


တိမ်မဲ့ကောင်းကင်အောက်က

ဦးတည်ရာမဲ့ လျှောက်လှမ်းနေရတဲ့ဘဝမှာ

အပူလှိုင်းတွေ ငါ့ကျောမှာစူးစိုက်နေလဲ

အံကြိတ်သည်းခံရုံကလွဲလို့ ဘာများတတ်နိုင်ဦးမှာလဲ..။


ဒီခန္ဓာ မြေမှာတသားတည်းဖြစ်တဲ့တနေ့

ခေတ္တ ဝမ်းနည်းပေးမယ့်သူတယောက်ရှိရင်ပဲ

ငါ..ဒီတဘဝစာအတွက် ကျေနပ်နိုင်ပါပြီလေ..။


Hlaing Kyaw Tun

14.6.2024



No comments: