Showing posts with label စာစု. Show all posts
Showing posts with label စာစု. Show all posts

မျက်နှာဖုံးနောက်ကွယ်



အေးချမ်းတဲ့ အပြုံးတခုရဲ့နောက်ကွယ်မှာ

ကြေကွဲ ပူလောင်ခြင်းတွေရှိတယ်ဆိုရင်..

မင်း ယုံမလား..။


တည်ငြိမ်တဲ့ စကားတခွန်းရဲ့နောက်ကွယ်မှာ

ခက်ခဲ ရုန်းကန်ခြင်းတွေရှိတယ်ဆိုရင်..

မင်း ယုံမလား..။


ခိုင်မာစွာရပ်နေတဲ့ ခြေတစုံရဲ့နောက်ကွယ်မှာ

ပျက်စီး ပြိုလဲခြင်းတွေရှိတယ်ဆိုရင်..

မင်း ယုံမလား..။


ရင့်ကျက်တဲ့ နှလုံးသားတခုရဲ့နောက်ကွယ်မှာ

ညှိုးရော် သိမ်ငယ်ခြင်းတွေရှိတယ်ဆိုရင်..

မင်း ယုံမလား..။


ကြမ်းတမ်း ရှုပ်ထွေးတဲ့ မြစ်ကြမ်းပြင်ကို

စီးဆင်းနေတဲ့ ရေမျက်နှာပြင်နဲ့ ဖုံးကွယ်ထားသလိုမျိုး

လောကဓံ ရိုက်ချက်တွေကြောင့်

စုတ်ပြတ်သတ်နေတဲ့ ဘဝတစ်ခုကို

ဟန်ဆောင်မုသားချိုတွေနဲ့ ဖုံးကွယ်ရင်း

ဆန့်ကျင်ဘက် အနေအထားတခုအဖြစ်

ချစ်ရသူတွေ စိတ်ချမ်းသာဖို့အတွက်

ဖန်တီး က,ပြနေရတယ်ဆိုရင်..

မင်း ငါ့ကို.. နားလည်ပေးနိုင်မလား.. ။     ။


Hlaing Kyaw Tun

23-12-2024 

ကိုယ်ပိုင်အချိန်


မည်သူနှင့်မျှ ပြောဆိုဆက်ဆံမှုမရှိတဲ့ 

အခိုက်အတန့်လေးတွေဟာ

ကျွန်တော့်ရဲ့ ကိုယ်ပိုင်အချိန်လေးတွေပါပဲ.. ။


လုပ်ငန်းခွင် အားလပ်ချိန်လေးတွေ.. ၊


အလုပ်သွား အလုပ်ပြန် 

သွားလာနေရတဲ့ အချိန်လေးတွေ.. ၊


အိပ်မောမကျခင် 

အိပ်ယာထဲလှဲလောင်းနေတဲ့အချိန်လေးတွေ..၊


ည တရေးနိုးလို့ 

ပြန်အိပ်မရတဲ့အချိန်လေးတွေ.. ၊


အဲဒီအခိုက်အတန့်လေးတွေက တိုတောင်းလှပေမယ့်

ကျွန်တော့အတွက်တော့ တန်ဖိုးဖြတ်မရတဲ့ 

အချိန်လေးတွေပါ.. ။


အဲဒီအချိန်လေးတွေမှာ..


တခါတလေ 

တရားနာဖြစ်တယ်..။


တခါတလေ 

သီချင်းနားထောင်တယ်..။


တခါတလေ 

စာ၊ ကဗျာရေးဖြစ်တယ်..။


တခါတလေ 

Content တခုခု ဖန်တီးတယ်..။


တခါတလေ 

ဖြစ်ပြီးသား အတိတ်ကိုပြန်တွေးတယ်..။


တခါတလေ 

ကိုယ့်ဘဝရဲ့ အနာဂတ်ကို ကြိုတွေးမိတယ်။


တခါတလေ 

လက်ရှိဖြစ်တည်မှုကို ပြန်သုံးသပ်တယ်..။


တခါတလေကျတော့လည်း

တောင်စဉ်ရေမရအတွေးတွေနဲ့ ကုန်ဆုံးသွားတယ်..။


ကျွန်တော့်ရဲ့ ကိုယ်ပိုင်အချိန်လေးတွေမှာ

ကိုယ့်စိတ်ကိုယ် ခွန်အားဖြည့်ရတာမို့

အဲဒီအချိန်လေးတွေသာ မရှိတာ့ရင် 

ကျွန်တော့်ဘဝက လမ်းပျောက်နေမှ

ာအမှန်ပါပဲ..။


U Hlaing Kyaw Tun 

12.9.2024



အတွေးနဲ့အမြင်








တခါတလေ..

ကိုယ့်အတွက် အမှတ်တရတွေက

တဖက်လူအတွက်တော့..

အမှတ်တမဲ့ပဲ ဖြစ်နေတတ်တယ်..။


တခါတလေ..
ကိုယ့်အတွက် တန်ဖိုးရှိတယ်ဆိုတဲ့အရာတွေက
တဖက်လူအတွက်တော့..
အမှိုက်တစလို ဖြစ်နေတတ်တယ်..။


တခါတလေ..
ကိုယ့်အတွက် နာကျင်ရတဲ့ ခံစားမှုတွေက
တဖက်လူအတွက်တော့..
ဟာသတပုဒ် ဖြစ်နေတတ်တယ်.. ။


တခါတလေ..
ကိုယ့်ရဲ့ အလေးအနက်ထားမှုတွေက
တဖက်သူအတွက်တော့..
အနောက်အယှက် ဖြစ်နေတတ်တယ်..။


တခါတလေ..
ကိုယ့်ရဲ့ တဘဝစာ ယုံကြည်ချက်တွေက
တဖက်သူအတွက်တော့..
ုံပြင်ပမာ ဖြစ်နေတတ်တယ်.. ။


လူဆိုတာ..
ကိုယ်ပိုင် အမြင် ၊ ကိုယ်ပိုင် အယူအဆတွေနဲ့
ကိုယ်စီ  ရပ်တည်ရှင်သန်ကြတာမို့..
အတွေးတွေ ဆန့်ကျင်ဘက်ဖြစ်နေတဲ့အခါ
ကြည်ဖြူစွာ..
လက်ခံနိုင်ဖို့ပဲ ကြိုးစားပါ..။  ။


Hlaing Kyaw Tun
(16.8.2024)

ဝေဒနာအရင်းအမြစ်

 


မင်းရင်ထဲမှာ..

ပြောစရာစကားတွေအများကြီးရှိတယ်..။


အဲဒီစကားတွေအများကြီးကို..

ပြောသင့်တဲ့စကားရယ်..၊ 

မပြောသင့်တဲ့စကားရယ်..ဆိုပြီး နှစ်ပိုင်းခွဲထုတ်လိုက်..။


ပြီးရင်..

မပြောသင့်တဲ့စကားတွေကို 

အတွေးထဲက  ဖယ်ထုတ်ပစ်လိုက်..။


ဒါဆို..

ပြောသင့်တဲ့ စကားတွေပဲ..ကျန်မယ်။


အဲဒီပြောသင့်တဲ့စကားတွေကိုလည်း..

ပြောခွင့်ရှိတဲ့စကားရယ်..၊ 

ပြောခွင့်မရှိတဲ့စကားရယ်..ဆိုပြီး နှစ်မျိုးခွဲထုတ်..။


ပြီးရင်..

ပြောခွင့်မရှိတဲ့ စကားတွေကို 

တနေရာမှာ ချောင်ထိုးထားလိုက်..။


ဒါဆိုရင်..

ပြောသင့်ပြီး ပြောခွင့်ရှိတဲ့ စကားတွေပဲ..ကျန်မယ်..။



အဲဒီ  ပြောသင့်ပြီး ပြောခွင့်ရှိတဲ့ စကားတွေထဲက

ပြောဖြစ်လိုက်တဲ့ စကားတွေရယ်..။

မပြောဖြစ်လိုက်တဲ့ စကားတွေရယ်ဆိုပြီး နှစ်စု ခွဲထုတ်..။


ပြီးရင်..

ပြောဖြစ်ခဲ့တဲ့ စကားတွေကို 

အမှတ်တရ သေချာ သိမ်းထားလိုက်..။


ဒါဆိုရင်.. 

ပြောသင့်ပြီး ပြောခွင့်ရှိပေမယ့် 

မပြောဖြစ်ခဲ့တဲ့ စကားတွေပဲ

င်းရင်ထဲမှာ ကျန်ခဲ့လိမ့်မယ်..။


အဲဒါက.. 

တဆစ်ဆစ်နာကျင်ခံစားနေရတဲ့.. 

ဝေဒနာတစ်ခုရဲ့ မူလအရင်းအမြစ် ပဲပေါ့...။


U Hlaing Kyaw Tun

(10-8-2024)



အမြင့်ကို တတ်ဖို့အတွက် လှေကားရှိရမယ်


 အမြင့်ကိုရောက်ချင်ရုံနဲ့..

ဘယ်သူမှ ကိုယ့်ကို မ,တင်ပေးမှာမဟုတ်ဘူး..။


အမြင့်ကို ရောက်ချင်ရင်

အမြင့်ကို တတ်ဖို့အတွက် လှေကားရှိရမယ်..။


လှေကားမရှိရင် လှေကား လုပ်ရမယ်..။


ဒီနေရာမှာ လှေကား ဆိုတာ ကိုယ့်မှာ ရှိရမယ့် အရည်အချင်းကို ဆိုလိုတာပါ..။


အမြင့်ကိုတတ်ဖို့ ကိုယ့်ရဲ့အရည်အချင်းကို 

တိုးတတ်သထက် တိုးတတ်အောင် လုပ်ပါ..။


အရည်အချင်းများများရှိလေလေ 

ဘဝကို မြင့်သထက်မြင့်အောင် တတ်လှမ်းလို့ရလေပဲ..။


အရည်အချင်းကို ဘယ်လိုမြှင့်တင်ရမလဲ..???


အချိန်မရှိလို့.. ငွေကြေးခက်ခဲလို့.. ဆင်ခြေမပေးပါနဲ့..။


တိုးတတ်ချင်စိတ်ရှိရင် အချိန်ပေးလို့ရပါတယ်

တတ်မြောက်ချင်စိတ်ရှိရင် ငွေကြေးမပါဘဲ သင်ယူလို့ရပါတယ်..။


အရေးကြီးတာက ကိုယ့်နှလုံးသားထဲက တိုးတတ်ချင်စိတ်ပဲ..။


ကိုယ်ဘာဖြစ်ချင်တာလဲ..။ 

ဘာကို လေ့လာချင်တာလဲဆိုတာ ဦးတည်ချက်တစ်ခုထား..။


အဲဒီအတွက် လိုအပ်တဲ့ အချိန်ကာလတစ်ခု သတ်မှတ်ထား..။


တစ်နေ့တာမှာ အရေအဖတ်မရ ကုန်နေတဲ့အချိန်တွေ၊ 

အားလပ်နေတဲ့အချိန်တွေကို စစ်ထုတ်ပြီး သင်ယူဖို့အတွက် အချိန်ပေး..။


လေ့လာချင်တာနဲ့ပက်သက်ပြီး လိုအပ်တဲ့ အချက်အလက်တွေ

ရှာဖွေ ၊ စုဆောင်၊ ဖတ်ရှု ၊ သင်ယူပါ..။


Google, Youtube, Facebook , Tiktok, Telegram,.. စတဲ့ 

Social Media တွေကို ဇိတ်ခံစရာ ဖျော်ဖြေရေးအနေနဲ့မသုံးဘဲ..၊


ကိုယ်လိုချင်တာ ဆွဲထုတ်လို့ရနိုင်တဲ့ "လိုတရ ရွှေအိုး" အနေနဲ့ အသုံးချပါ..။


ကိုယ့်ရဲ့ အရည်အချင်းတိုးတတ်ဖို့၊ ကိုယ့်ဘဝ မြင့်တတ်ဖို့အတွက် 

အများကြီး အထောက်အကူပြုပါလိမ့်မယ်..။


ကိုယ့်သတ်မှတ်ထားတဲ့ အချိန်ကာလရောက်ရင်

ကိုယ့်ရဲတတ်မြောက်မှုကို ဆန်းစစ်၊ လိုအပ်တာ ထပ်ဖြည့်..။


သေချာတာတစ်ခုကတော့ မသင်ယူခင်ကထက်တော့

သင့် တစ်ဆင့်မြင့်တတ်သွားပြီဆိုတာပါပဲ..။


နည်းပညာတွေ အချိန်နဲ့အမျှပြောင်းလဲတိုးတတ်နေတဲ့ ဒီခေတ်မှာ

သင်ယူစရာတွေ အများကြီးရှိသေးသလို ၊

 ကိုယ်မသိသေးတာ မတတ်သေးတာတွေလည်း အများကြီး ကျန်ပါသေးတယ်..။


အခုအချိန် ကိုယ့်ကိုယ်ကို မပြောင်းလဲရင် နောက်တချိန်မှာ 

လိုက်လို့မမှီအောင် နောက်ကောက်ကျနေပါလိမ့်မယ်..။


ဒီတော့ အချိန်ရှိတုန်း ၊ အသက်အရွယ်ရှိတုန်းလေး

ကိုယ့်ဘဝကို မြင့်သထက်မြှင့်ပေးနိုင်တဲ့ အရည်အချင်းတွေကို

ကြိုးစား ဖြည့်ဆည်း သင်ယူကြစို့လားဗျာ..။


U Hlaing Kyaw Tun


(တခြားတော့မဟုတ်ပါဘူး..။ ကိုယ့်ကိုယ်ကို Moti ပေးဖို့ရေးထားတာ)

စိတ်ခံစားချက်တွေကို ဦးစားမပေးပါနဲ့..


 #စိတ်ခံစားချက်တွေကိုဦးစားမပေးပါနဲ့..။ 


တချို့စိတ်ခံစားချက်တွေက ကိုယ့်ဘဝမှာ ဆုံရှုံးနစ်နာမှုတွေကို ဖြစ်ပေါ်စေနိုင်တယ်ဆိုတာ သတိရပါ..။


စိတ်ဖိစီးမှုတွေကို မလိုချင်ဘူးဆိုရင် 

အသုံးမဝင်တော့တဲ့ အတွေးအခေါ်တွေ ၊ ဟောင်းနွမ်းနေတဲ့ အယူအဆ‌တွေနဲ့ မလိုလားအပ်တဲ့ စိတ်ခံစားချက်တွေကို ဖယ်ထုတ်ပြီး..

 

#ရိုးရိုးလေးတွေးပါ..။ 

#ရိုးရိုးလေး‌ပြောပါ..။ 

#လုပ်စရာရှိတာကိုအကောင်းဆုံးလုပ်ပါ..။


"ဘယ်သူကဘယ်လိုဆိုပြီး" လိုက်ခံစားနေမယ့်အစား အဲဒီအချိန်တွေကို..


#ကိုယ့်ဘဝကိုတိုးတတ်ဖို့ အသုံးချပါ..။

#ကိုယ့်အရည်အချင်းကိုမြှင့်တင်ဖို့ အသုံးချပါ..။


အချိန်တန်ရင် ကိုယ့်စိတ်ဓာတ်နဲ့ အရည်အချင်းကို ပြောစရာမလိုဘဲ လူတွေ သိလာပါလိမ့်မယ်..။


စိတ်ခံစားချက်တွေနောက် လိုက်လွန်းရင် ဘဝရည်မှန်းချက်တွေ လမ်းလွဲရုံမက ကိုယ့်စိတ်ကိုယ် အတွေးမှားတွေနဲ့ ချောင်ပိတ်မိပြီး အထီးကျန်စွာ ရှင်သန်ရတတ်တယ်..။


ဘဝမှာ ပျော်ရွှင်ဖို့အတွက်ဆိုရင် ဘဝအတွက် ဆိုးကျိုးဖြစ်စေမယ့် စိတ်ခံစားချက်တွေကို နှလုံးသားထဲရဲ့အပြင်ဘက်မှာ စွန့်ပစ်ထားဖို့ လိုမယ်နော်..။


U Hlaing Kyaw Tun

အိပ်မက်

 


တချို့အိမ်မက်တွေက..
အိပ်မက်မက်နေတုန်းမှာပဲ အဓိပ္ပါယ်ရှိတတ်တာမျိုး..။

အိပ်မက်ကနိုးတာနဲ့
အပြင်လောကနိယာမတွေနဲ့ ခြားနားပြီး
အဖြစ်အပျက် အကြောင်းအရာအားလုံးက
လုံးဝမဖြစ်နိုင်တာတွေ ဖြစ်နေတယ်..။

အဲလိုအိပ်မက်မျိုးက
ကျွန်တော် အမုန်းဆုံးနဲ့ မမက်ချင်ဆုံးပဲ..။

အိပ်မက်,မက်နေတုန်း ငြိမ်းအေးပျော်ရွှင်ရသလောက်..
အိပ်မက်ကနိုးလာတော့..
မဖြစ်နိုင်တာတွေမို့ သက်ပြင်းတွေ အခါခါချပြီး
နှမြောတသနဲ့ စိတ်အလိုမကျ ဖြစ်နေရတယ်လေ..။

U Hlaing Kyaw Tun

ပျက်စီးနိုင်သော ချစ်မေတ္တာသံယောဇဉ်

အချစ်ဆိုတာ..
မပျက်စီးနိုင်ဘူးလို့ ထင်ခဲ့သလို

သံယောဇဥ်ဆိုတာလည်း
မပြတ်တောက်နိုင်ဘူးလို့ ထင်ခဲ့မိတာ..

ခုတော့..လက်တွေ့

အချစ်ဆိုတာ..
သူ့နှလုံးသားမှာ မရှိတော့သလို..
သံယောဇဥ်ဆိုတာလည်း
သူ့ရင်ထဲမှာ ရှာမတွေ့တော့ဘူး..။

ချစ်ခြင်းမေတ္တာတွေ မရှိမှတော့..
ကြင်နာမှုတွေ နားလည်မှုတွေဆိုတာလည်း
ပျောက်ဆုံးပြီပေါ့..။

အတူရှိနေပေမယ့်
အရာအားလုံးက သူစိမ်းသက်သက်ပါပဲ..။

ပျော်ရွှင်ကြည်နှုးမှုဆိုတာ ဘာမှန်းမသိတော့သလို
ပေးဆပ်မှုတိုင်းက ဝဋ်ကြွေးတွေ ဖြစ်နေခဲ့တယ်..။


ဘဝနဲ့ရင်းပြီးသိလိုက်ရတာတစ်ခုက..
အချစ်နဲ့ သံယောဇဥ်ဆိုတာ အချိန်တန်ရင်
ပျက်စီးပျောက်ကွယ်သွားတတ်တယ်ဆိုတာပဲ..။


U Hlaing Kyaw Tun
 

ဘဝဆိုတာ..

 



ဘဝဆိုတာ..
မွေးဖွားခြင်း နဲ့ သေခြင်းကြားက
နှစ် (၇၀)ဝန်းကျင် အချိန်ကာလလေးကို ခေါ််တာပါ..။

ရှင်သန်ရတဲ့ အချိန်တိုလေး‌အတွင်းမှာ
စိတ်ကောင်းမွေးပါ..။

ကိုယ့်စိတ်ကိုယ်
စိတ်ချမ်းသာအောင်ထားပါ..။

Hlaing Kyaw Tun

Happy Birthday!

 



#မွေးနေ့ဆိုတာ..
အထိမ်းအမှတ်ရက်တစ်ခုဆိုတာထက်
ကုန်ဆုံးခဲ့တဲ့ နှစ်တစ်နှစ်ကို
ပြန်လည်သုံးသပ်ရမယ့်
Checkpoint တစ်ခုဆိုတာ
အသက်တွေကြီးလာတာနဲ့အမျှ
သိလာခဲ့ရတယ်...။

ပြီးခဲ့တဲ့နှစ်ထဲမှာ..

စီးပွားရေး၊ လူမှုရေး၊ အိမ်ထောင်ရေး..
ပိုအဆင်ပြေလာလား..။ ဆုတ်ယုတ်သွားလား..။
အလုပ်အကိုင် အဆင်ပြေလာလား..။ မပြေလား..။
ပိုင်ဆိုင်မှု တိုးလာလား..။ ယုတ်လျော့သွားလား..။
ဘာတွေမှားခဲ့လဲ..။ ဘာတွေပြောင်းလဲသွားလဲ..။
ဘာတွေပြုပြင်ရမလဲ..။


..စသဖြင့် ကိုယ့်ကိုယ်ကိုယ် ဝေဖန်သုံးသပ် ၊
လိုအပ်ချက်တွေ ၊ အားနည်းချက်တွေကို ပြုပြင်ရင်းနဲ့
နောက်ထပ်နေ့ရက်တွေကို ဆက်ပြီးလျှောက်လှမ်းရမယ်..။

U Hlaing Kyaw Tun
(12.8.2023)

[ကိုယ့်ဘဝကိုယ်ပြန်သုံးသပ်ပြီး Rating ပေးကြည့်တော့ 5 Stars ပေးမိတယ် ၊ ရှေ့က Minus Sign ခံပြီးတော့ပေါ့..။]

အိမ်ထောင်ရေး



 ဘဝနှစ်ခုပေါင်းစပ်ပြီး သာယာတဲ့အိမ်တစ်ခုကို

ထူထောင်ကြတဲ့ အိမ်ထောင်ရေးရယ်..။

အိမ်တစ်ခုထဲမှာ ဘဝနှစ်ခုကို
ထောင်သွင်း အကျဉ်းချထားတဲ့ အိမ်ထောင်ရေးရယ်..
ဆိုပြီး (၂)မျိုးရှိတယ်..။

သင်က ဘယ်တစ်ခုကို ပိုင်ဆိုင်ထားလဲ..။

U Hlaing Kyaw Tun

နားလည်မှု

 


ကျွန်တော်တို့ဘဝမှာ အရေးပါဆုံးစကားလုံးလေးတစ်ခုရှိတယ်။ ဘာလဲဆိုတော့ "နားလည်မှု" ဆိုတာပါပဲ။


နားလည်မှု မရှိတဲ့အခါ..


မိဘနဲ့သားသမီး ဆက်ဆံရေးတွေ ထိခိုက်လာတယ်..။
ညီအစ်ကိုမောင်နှမ ဆက်ဆံရေးတွေ ထိခိုက်လာတယ်..။
လင်နဲ့မယား ဆက်ဆံရေးတွေ ထိခိုက်လာတယ်..။
မိတ်ဆွေအပေါင်းအသင်း ဆက်ဆံရေးတွေ ထိုခိုက်လာတယ်..။
ချစ်သူသမီးရည်းစား ဆက်ဆံရေးတွေထိခိုက်လာတယ်..။

နားလည်မှုဆိုတာ လူတစ်ဦးနဲ့တစ်ဦး လူမှုဆက်ဆံရေးမှာ အဆင်ပြေအောင် ပြောဆိုဆက်ဆံနိုင်ဖို့အတွက် အဓိက ဆက်သွယ်ရေးကိရိယာတစ်ခုပါပဲ..။ ပြီးတော့ နားလည်မှုဆိုတာ နာကျင်မှုတွေကို ဖျက်စီးပေးနိုင်တဲ့တစ်ခုတည်းသောအရာပဲ..။

လူတစ်ယောက်ရဲ့ စိတ်ကို သင်နားလည်မယ်ဆိုရင် အဲဒီလူအပေါ််မှာ..

တခြားသူတွေထက် မေတ္တာထားမိလိမ့်မယ်..။
တခြားသူတွေထက် ပိုဂရုစိုက်မိလိမ့်မယ်..။
တခြားသူတွေထက် နွေးထွေးမှုတွေပိုပေးမိလိမ့်မယ်..။

နားလည်မှုဆိုတာ ကိုယ်ဆီမှာ ရှိရုံနဲ့ပြီး‌ရောလားဆိုတော့..

သင်က တစ်စုံတစ်ယောက်အပေါ််မှာ နားလည်မှုထားနိုင်မယ်ဆိုရင်
သူနဲ့‌ပေါင်းသင်းဆက်ဆံဖို့ရာ အဆင်ပြေနေပေမယ့်လည်း..

အဲဒီ တစ်စုံတစ်ယောက်က သင့်ကို နားလည်မှုမပေးနိုင်ဘူးဆိုရင်..
အဲဒီလူအနေနဲ့ သင့်ကို ပေါင်းသင်းဆက်ဆံဖို့အတွက် ခက်ခဲနေမှာပါ..။

ဒါကြောင့်မို့ တစ်ဖက်သတ်နားလည်မှုက ပြီးပြည့်စုံတဲ့ ‌လူမှုဆက်ဆံရေးကို မရရှိစေပါဘူး..။ တစ်ဦးနဲ့တစ်ဦး၊ တစ်ဖွဲ့နဲ့တစ်ဖွဲ့ အပြန်အလှန်နားလည်မှု ရှိနေမှသာ လူမှုဆက်ဆံရေး ကောင်းမွန်ပြီး အနာဂတ်အကျိုးရလာဒ်ကောင်းတွေ ဖြစ်ထွန်းစေမှာပါ..။

အားလုံးပဲ နားလည်မှုတွေ ရှိကြပါစေ...။

U Hlaing Kyaw Tun

သည်းခံနိုင်စွမ်း

 လောကထဲမှာ ပုဂ္ဂိုလ် သတ္တဝါအဖြစ် မွေးဖွားလာပြီဆိုကတည်းက လောကဓံဆိုတာ ကိုယ်စီကြုံကြရမှာပါ။ ကောင်းတဲ့လောကဓံတွေကို ခံစားတဲ့အခါ စိတ်တည်ငြိမ်ဖို့လိုသလို အဆိုးလောကဓံတွေ ကြုံလာတဲ့အခါမှာလည်း ရင်ဆိုင်နိုင်ဖို့လိုပါတယ်..။


ဒီနေရာမှာ အရေးကြီးဆုံးက သည်းခံခြင်းပါပဲ..။ သဘာဝတရားကပေးတဲ့ သဘာဝလောကဓံ့ အတိတ်ဘဝက ပြုခဲ့ဖူးတဲ့ ကံကြောင့် ဖြစ်ပေါ််လာတဲ့ ဘဝလောကဓံတွေကို ရင်ဆိုင်နိုင်ဖို့အတွက် သည်းခံနိုင်စွမ်း ပြည့်ဝ နေဖို့လိုပါတယ်..။

သည်းခံခြင်းဆိုတာ အတိုင်းအတာ အကန့်အသတ်တစ်ခု ရှိစမြဲပဲ...။ သည်းခံနိုင်တဲ့အတိုင်းအတာရောက်နေသည့်တိုင်အောင် သည်းခံနိုင်စွမ်းကို တိုးမြှင့်ပြီး ဆက်လက်သည်းခံနေပေမယ့်လည်း တစ်ဖက်က ထိုးနှက်မှုတွေ မရပ်တန့်ဘဲ ဆက်လက် တိုက်ခိုက်လာတဲ့အခါ သည်းခံနိုင်စွမ်းတွေ ပျက်စီးပြီး ‌ဒေါသစိတ်ရိုင်းတွေ တဟုန်ထိုး မုန်တိုင်းထန်လာတတ်တယ်..။

ဒေါသပါလာပြီဆိုကတည်းက ဘယ်လောက်မှန်နေပါစေ အမှားဘက်ကို ရောက်သွားပြီ။ ကောင်းကျိုးတွေ စိတ်သုဉ်းပြီး ဆိုးကျိုးတွေကိုပဲ ဆက်လက်ဖြစ်ပေါ််လာမှာအသေအချာပဲ..။ နှစ်ဦးနှစ်ဖက် အလျော့ မပေးတဲ့အခါ တဖြည်းဖြည်း ဒေါသမုန်တိုင်းပိုထန်လာပြီး စီးချင်းတိုက်ပွဲတစ်ခုလို ပြင်းထန်လာမှာပါ..။ ဒါဆိုရင် ဘယ်သူနိုင်မလဲ....

ဒီနေရာမှာ ဖြစ်ပေါ််လာတဲ့ ကိုယ့်စိတ်ကို အမြန်မြင်မိတဲ့သူက အောင်နိုင်သူပဲ...။ မှားသည် မှန်သည်ထက် ‌ကိုယ့်ရဲ့ ဒေါသစိတ်ကို ကိုယ်တိုင်မြင်ပြီး ထိန်းချုပ် ဖျောက်ဖျက်နိုင်သူက ဒီပွဲရဲ့ အောင်နိုင်သူပဲ..။

ကိုယ့်ရဲ့ ဒေါသစိတ်ကိုမမြင်ဘဲ အတ္တတွေက အနိုင်ယူသွားတဲ့အခါ နောက်ဆုံးမှာ နှစ်ဦးနှစ်ဘက်လုံး ဆုံးရှံးနစ်နာမှုတွေ ကြုံရမှာ အသေအချာပဲ...။

U Hlaing Kyaw Tun
(26-10-2022)

အောင်မြင်ဖို့ဆိုတာ

 

အောင်မြင်မှုဆိုတာ အခက်အခဲတွေနဲ့တည်ဆောက်ထားတာပါ..။

 ကြိုးစားပေမယ့်လည်း ကိုယ်ထင်သလို ဖြစ်မလာတဲ့အခါတွေရှိတယ်..။ လဲကျတဲ့အခါရှိတယ်..။

 အဲဒီအခါမျိုးမှာ စိတ်ဓာတ်မကျပါနဲ့..။ ဆက်ကြိုးစားပါ..။

 

“ လဲကျမှုတွေက ပိုပြီးသန်မာစေတယ်..။

ကျရှုံးမှုတွေက ပိုပြီးတော့ ခွန်အားဖြစ်စေတယ်..။ “

 

ဇွဲ၊ လုံ့လ ၊ဝီရိယ ပေါင်းစပ်ထားတဲ့ ကြိုးစားမှုက အချိန်တန်လာတဲ့အခါ အောင်မြင်မှူကို ဆောင်ကျဉ်းပေးမှာပါ..။

 

အောင်မြင်တဲ့ ဘဝ ကိုလိုချင်ရင်..

ကျရှုံးမှူတွေကနေ ရူန်းထွက်ပါ..။

မှားယွင်းမှုတွေကနေ သင်ခန်းစာယူပါ..။

ဆုံးရှုံးမှူတွေကို ပြန်မတမ်းတပါနဲ့..။

ဝေဖန်မှုတွေကို အလေးထားပါ..။

ကဲ့ရဲ့မှုတွေကို မကြားချင်ယောင်‌ဆောင်ပါ..။

တိုက်ခိုက်မှုတွေကို ရင်ဆိုင်ပါ..။

 

ဘဝမှာ ဘယ်အရာမှလွယ်လွယ်မရဘူး..။

 

အောင်မြင်မှူကို လိုချင်ရင် အောင်မြင်မှုနဲ့ထိုက်တန်တဲ့ 

အနေအထိုင် ၊ အပြောအဆို ၊ စိတ်နေစိတ်ထား ကိုတော့ နှလုံးသားမှာ မွေးမြူထားရမယ်..။

 

U Hlaing Kyaw Tun

(2023.1.1)

ရေကူးပြန်လာတဲ့ ဘဲလေးတွေ.. (Video file & Post)

 


ဘဲလေးတွေကြည့်ပြီး စိတ်ကြည့်နူးမှုလေး မပျက်သွားချင်ရင် ဒီပို့စ်ကို ဆက်မဖတ်ပါနဲ့..။

ဘဲမွေးမြူရေးခြံက ဘဲလေးတွေ ရေကျောင်းပြီးလို့ ပြန်တတ်လာတဲ့ မြင်ကွင်လေး အရမ်းချစ်စရာကောင်းလို့ ဗီဒီယိုရိုက်ပြီး တင်ပေးထားတာပါ..။ အပေါ်ယံ မြင်ကွင်းသက်သက်ဆိုရင်တော့ အသံစာစာနဲ့ တိုးဝှေ့သွားနေတဲ့ ဘဲကလေးတွေကြည့်ပြီး စိတ်ချမ်းသာမှုလေး ၊ စိတ်ကြည်နူးမှုလေး ဖြစ်လာတယ်..။ 

ဘဲလေးတွေကို တစ်နေ့ နှစ်ကြိမ်လောက် အနီးနားက ဆည်မြောင်းရေမှာ ဘဲကျောင်းကြပါတယ်..။ ရေဆင်းတဲ့အချိန်ဆိုလည်း အသံစာစာနဲ့ တိုးဝှေ့ပြီး ရေဆင်းကြတယ်..။ ရေကူးတဲ့ ဘဲလေးတွေက ရေကူး..။ ရေညှိရေမှော်တွေကြားမှာ အစာရှာတဲ့ ဘဲကလေးတွေက ရှာလို့..။ သူတို့ကြည့်ရတာ ပျော်စရာပါပဲ..။ 
ဘဲကျောင်းပြီးလို့ ပြန်သိမ်းတဲ့အခါကြလည်း ဘဲခြံထဲမှာ အေးအေးဆေးဆေး အစာကောက်တဲ့သူက ကောက် အိပ်တဲ့သူက အိပ်နဲ့ အပူအပင်မရှိသလိုပဲလေ..။

ဒါပေမယ့် စိတ်ကြည်နူးမှုလေးတွေက ခဏပါပဲ..။ သေသေချာချာ တွေးကြည့်မိတော့ ဘဲလေးတွေအတွက် စိတ်မကောင်းဖြစ်မိသွားတယ်..။ လူသားတွေရဲ့မာယာကို သူတို့မသိဘူး..။ အချိန်ကုန်ခံ ဘဲကျောင်းထွက်တာတွေ ၊ အကုန်ကျခံပြီး အစာကျွေးတာတွေက သူတို့အတွက် အန္တရာယ်ရှိမှန်း မသိဘူး..။ အချိန်တန်ရင် သူတို့ရဲ့သွေးသားကို လူသားတွေရဲ့ အာဟာရအတွက် စတေးပေးရမယ် ဆိုတာသိရင် ခုလို ပျော်နိုင်ပါ့မလား..။ အသံစာစာနဲ့ ကျွေးသမျှ အစာကို အလုအယက် စားပါဦးမလား..။ အဲဒါတွေ မသိတော့.. လွတ်မြောက်ဖို့ ကြိုးစားရမှန်းမသိဘဲ ပျော်ပျော်ကြီး နေနိုင်ကြသည်ပေါ့...။

ဘဲကလေးတွေကည့်ပြီး သနားတဲ့စိတ်လေးဖြစ်နေတုန်း ဆက်ပြီးတွေမိတာတစ်ခုကြောင့် စိတ်ထဲ တုန်လှုပ်မိသွားတယ်..။ ဘဲကလေးတွေပျော်သလို ကျွန်တော်တို့လည်း ဒီဘဝကြီးမှာ ပျော်နေကြတာပဲ..။ ဒုက္ခဆင်းရဲတွေနဲ့ ပြည့်နက်နေတဲ့ ဒီဘဝကြီး ၊ တဏှာ ရမ္မက်တွေနဲ့ ခြုံလွှမ်းထားတဲ့ ဒီလောကကြီးမှာ ကျွန်တော်တို့ တွေ ပျော်ပျော်ကြီး ရှင်သန်ချင်နေကြတယ်..။ ဘဲကလေးတွေ သူတို့သွေးသားကို စတေးရသလို ကျွန်တော်တို့လည်း အချိန်တန်ရင် သေမင်းခံတွင်းဝမှာ ကျွန်တော်တို့ ဘဝတွေ စတေး ခံရမှာပဲ..။ ကျွန်တော်တို့မှာ ဘာများငြင်းပိုင်ခွင့်ရှိဦးမှာလဲ...။ 

ဘဲလေးတွေက သူတို့ရဲ့ အသိဉာဏ်နဲ့ သူတို့ဘဝရဲ့ အဆုံးသတ်ကို မသိနိုင်ပေမယ့် ကျွန်တော်တို့ အသိဉာဏ်ရှိတဲ့လူသားတွေကတော့ ဘဝနောက်ဆုံးကို သေခြင်းနဲ့အဆုံးသတ်မယ်ဆိုတာ သိသိလျက်နဲ့ မေ့နေကြတာဟာ ကျွန်တော် တို့ မမိုက်လွန်းဘူးလား..။ သေခြင်းတရားက မလွတ်မြောက်နိုင်ရင်တောင် သံသရာကလွတ်မြောက်နိုင်မယ့် ရိက္ခာထုတ်ကို ကြိုတင်ဆုဆောင်းဖို့ အချိန်တန်နေပြီ ထင်ရဲ့..။

လောဘ ၊ ဒေါသ ၊ မောဟတွေကြားက ရုန်းထွက်ဖို့ မကြိုးစားဘူးဆိုရင်တော့ ကျွန်တော်တို့ တွေက  ဘဲခြံထဲကဘဲကလေးတွေလို သနားစရာသတ္တဝါလေးတွေပါပဲ..။ 

U Hlaing Kyaw Tun



တစ်ဘို့တည်းသမားတွေ..



တစ်ဘို့တည်းသမားတွေဆိုတာ..

ဘယ်သူတွေဘယ်လိုပဲဖြစ်ဖြစ် သူတို့အဆင်ပြေဖို့ပဲကြည့်ကြတယ်..။


ဘယ်သူတွေ ဘယ်လို ဒုက္ခရောက်ရောက် 

သူတို့ လူမှုစီးပွား မထိခိုက်ရင်ပြီးရော ဆိုတဲ့ သူတွေ..။


အသုံးလိုတဲ့အခါ ဖူးဖူးမှုတ်ထားတတ်ပြီး

မလိုအပ်တော့တဲအခါ မြေချနင်းတတ်တဲ့ လူစားတွေ..။


အဲဒီ တစ်ဘို့တည်းသမားတွေမှာ

ဘာတွေပိုင်ဆိုင်ကြလဲ..သိလား..???


သူတို့မှာ..

ပြောဆိုဆုံးမပေးမယ့် လူကြီးသူမတွေမရှိဘူး..။


သူတို့မှာ..

အားကိုးတိုင်ပင်ရမယ့် ဆွေမျိုးမောင်နှမတွေမရှိဘူး..။


သူတို့မှာ..

ဆိုးတူကောင်းဖက်ပေါင်းသင်းမယ့် သူငယ်ချင်းကောင်းတွေမရှိဘူး..။


သူတို့မှာ..

အရာရာနားလည်သည်းခံပေးမယ့် လက်တွဲဖော်မရှိဘူး..။


သူတို့မှာ..

နွေးထွေးပြုစုပေးမယ့် သားသမီးလိမ္မာမရှိဘူး..။


သူတို့မှာ..

သစ္စာရှိပြီး ယုံကြည်ရမယ့် ဝန်ထမ်းကောင်းတွေ မရှိဘူး..။


သူတို့မှာ ရှိတာက... "တစ်ဘို့ပဲ"..။


ဟုတ်တယ်..

တစ်ဘို့တည်းသမားတွေမှာ 

သူတို့ရွေးချယ်ထားတဲ့.."တစ်ဘို့"ဆိုတဲ့ အတ္တတစ်ခုပဲ ပိုင်တယ်...။


U Hlaing Kyaw Tun

တိတ်ဆိတ်ခြင်း




စိတ်ကူးအိမ်မက်တွေ အရာထင်မလာတဲ့အခါ..

မျှော်လင့်ထားသမျှတွေ ပျက်စီးသွားတဲ့အခါ...

ကြိုးစားခဲ့သမျှတွေ ရေစုန်မျောတဲ့အခါ...

ဆွဲတင်ထားတဲ့ စိတ်ဓာတ်တွေ ကျဆင်းသွားတဲ့အခါ..


ပြောစရာ စကားလုံးတွေ ဆိတ်သုဉ်းသွားသလို..

အမြင်အာရုံတွေလည်း ဝေဝါးသွားတယ်...။


ဘာကိုမှ မကြားချင်တော့သလို..

တိတ်ဆိတ်စွာပဲ  တစ်ယောက်တည်း နေချင်မိတော့တယ်..။


ဦးလှိုင်ကျော်ထွန်း 

Happy Birthday To Me










လူ့ဘဝ ခြေချခဲ့တာ (၃၅)နှစ်ရှိခဲ့ပြီ။ ရက်အနေနဲ့ဆိုရင် (၁၂၇၈၄)ရက်ပေါ့ ။ 
နောက်ထပ်ရက်ပေါင်း (၁၀၀၀၀)‌တောင် ထပ်နေရဖို့မသေချာတော့..

ရှင်သန်ခဲ့တဲ့ သက်တမ်းတစ်လျောက် 
ဘာတွေပိုင်ဆိုင်ခဲ့ပြီးပြီလဲ..၊ ဘာတွေပေးဆပ်ပြီးပြီလဲ..???
အများကောင်းကျိုး ၊ ကိုယ့်ကောင်းကျိုး ဘာတွေလုပ်ခဲ့ပြီးပြီလဲ..???

အဖြေမရှိသေးတဲ့ မေးခွန်းတွေ ကိုယ့်ကိုယ်ကိုယ်ပြန်မေးရင်း သက်ပြင်းတွေ ချနေမိတယ်..။

စိတ်တိုင်းမကျသေးတဲ့ ကိုယ့်ဘဝရယ် ၊ မုန်တိုင်းထန်လွန်းတဲ့ လောကဓံရယ်..
မရင့်ကျက်သေးတဲ့ နှလုံးသားတစ်စုံရယ်.. ပြည့်စုံမှုဆိုတာ ဘယ်တော့များမှရပါလိမ့်..။

လူသားတစ်ယောက်အဖြစ် မွေးဖွားလာပြီး 
လူသားဆန်ဆန် မရှင်သန်နိုင်ခဲ့ရင် ဘဝဆိုတာ အလကားပဲ..။

အဆင်မပြေမှုတွေကို ဒါ့ထက်ပိုပြီး မကြုံချင်တော့ဘူး..။
မပြည့်စုံမှုတွေကို ဒါ့ထက်ပိုပြီး မလိုချင်တော့ဘူး..။
ကံဆိုးမှုတွေကို ဒါ့ထက်ပိုပြီး မရချင်တော့ဘူး..။
ငါ့ကိုချစ်တဲ့သူတွေနဲ့ ငါချစ်ရတဲ့သူကိုလည်း ဒါ့ထက်ပိုပြီး စိတ်မဆင်းရဲစေချင်တော့ဘူး..။


U Hlaing Kyaw Tun








ငွေထက် အရေးကြီးသောအရာ..





ဘဝအတွက်
ငွေမလိုအပ်ဖူး မဟုတ်ပါဘူး..၊ လိုအပ်ပါတယ်..။

ဒါပေမယ့် ငွေကိုသာ
အရာရာလို့သတ်မှတ်ထားမယ်ဆိုရင်တော့
ဒေါသ မောဟ လောဘ ပူပင်မှုတွေက လွဲလို့
မေတ္တာတရားရဲ့ အေးငြိမ်းမှုကို
သင်ရမှာ မဟုတ်ပါဘူး..။

သင်က ငွေကို ကိုးကွယ်သူတစ်ယောက်ဆိုရင်..

သင့်မိဘတွေရဲ့ မေတ္တာတရားတွေကို
ငွေနဲ့ တန်ဖိုးဖြတ်မိလိမ့်မယ်...

သင့်ဆရာတွေရဲ့ စေတနာတွေကိုလည်း
ငွေနဲ့ တန်ဖိုးဖြတ်မိလိမ့်မယ်..။

သင့်လက်တွဲဖော်ရဲ့ ချစ်ခြင်းသံယောဇဥ်ကိုလည်း
ငွေနဲ့ တန်ဖိုးဖြတ်မိလိမ့်မယ်..။

သင့်ဆွေမျိုးတွေနဲ့ သင့်ရဲ့ ရိုင်းပင်းမှုတွေကိုလည်း
ငွေနဲ့ တန်ဖိုးဖြတ်မိလိမ့်မယ်..။

သင့်မိတ်ဆွေတွေရဲ့ ရင်းနှီးခင်မင်မှုကိုလည်း
ငွေနဲ့ တန်ဖိုးဖြတ်မိလိမ့်မယ်..။

သင့်ကိုချစ်ခင်ကြသူတွေရဲ့ ကူညီမှုတွေကိုလည်း
ငွေနဲ့ တန်ဖိုးဖြတ်မိလိမ့်မယ်..။


ငွေက ရုပ်ဝတ္ထု ချမ်းသာမှုကို ပေးနိုင်ပေမယ့်..
စိတ်နှလုံးငြိမ်းအေးမှုကို တော့ မပေးစွမ်းနိုင်ပါဘူး..။

စားဝတ်နေရေးအတွက်
သင့်တော်တဲ့အတိုင်းအတာတစ်ခုအထိ ငွေလိုအပ်ပါတယ်..။

ဒါပေမယ့်.. ငွေဆိုတာ လိုတာထက် ပိုရှိလွန်းရင်
လူတစ်ယောက်ရဲ့ ကိုယ်ကျင့်တရားတွေကို
အလွယ်ပဲ ဖျက်စီးတတ်ပါတယ်..။

ငွေဆိုတာ အရေးကြီးဆုံးအရာ မဟုတ်ဘူး..။

ငွေထက်အရေးကြီးတဲ့အရာတွေက..

လောကီအတွက်ဆိုရင်
မေတ္တာ၊ သစ္စာ၊ ကိုယ်ချင်းစာတရား။

သံသရာအတွက်ဆိုရင် ဒါန၊ သီလ၊ ဘာဝနာ..ပါ။

ငွေဆိုတာ ဖန်ဆင်းရှင် မဟုတ်ဘူး..
သင်သာ သင့်ဘဝရဲ့ ဖန်ဆင်းရှင်ပါ..။

ငွေဆိုတာ ဒုတိယဘုရားသခင် မဟုတ်ဘူး..
မိဘနှစ်ပါးသည်သာ လောကရဲ့ ဒုတိယဘုရားသခင်ပါ..။

ငွေဆိုတာ ငြိမ်းအေးချမ်းသာခြင်း မဟုတ်ဘူး..
နိဗ္ဗာန်သည်သာ ထာဝရ ငြိမ်းအေးချမ်းသာခြင်းပါ..။

ငွေနောက်လိုက်ရင်း..
ဘဝအတွက်အရေးကြီးတဲ့ အရာတွေကို မျက်ကွယ်ပြုမထားမိပါစေနဲ့...

U Hlaing Kyaw Tun