သည်းခံနိုင်စွမ်း

 လောကထဲမှာ ပုဂ္ဂိုလ် သတ္တဝါအဖြစ် မွေးဖွားလာပြီဆိုကတည်းက လောကဓံဆိုတာ ကိုယ်စီကြုံကြရမှာပါ။ ကောင်းတဲ့လောကဓံတွေကို ခံစားတဲ့အခါ စိတ်တည်ငြိမ်ဖို့လိုသလို အဆိုးလောကဓံတွေ ကြုံလာတဲ့အခါမှာလည်း ရင်ဆိုင်နိုင်ဖို့လိုပါတယ်..။


ဒီနေရာမှာ အရေးကြီးဆုံးက သည်းခံခြင်းပါပဲ..။ သဘာဝတရားကပေးတဲ့ သဘာဝလောကဓံ့ အတိတ်ဘဝက ပြုခဲ့ဖူးတဲ့ ကံကြောင့် ဖြစ်ပေါ််လာတဲ့ ဘဝလောကဓံတွေကို ရင်ဆိုင်နိုင်ဖို့အတွက် သည်းခံနိုင်စွမ်း ပြည့်ဝ နေဖို့လိုပါတယ်..။

သည်းခံခြင်းဆိုတာ အတိုင်းအတာ အကန့်အသတ်တစ်ခု ရှိစမြဲပဲ...။ သည်းခံနိုင်တဲ့အတိုင်းအတာရောက်နေသည့်တိုင်အောင် သည်းခံနိုင်စွမ်းကို တိုးမြှင့်ပြီး ဆက်လက်သည်းခံနေပေမယ့်လည်း တစ်ဖက်က ထိုးနှက်မှုတွေ မရပ်တန့်ဘဲ ဆက်လက် တိုက်ခိုက်လာတဲ့အခါ သည်းခံနိုင်စွမ်းတွေ ပျက်စီးပြီး ‌ဒေါသစိတ်ရိုင်းတွေ တဟုန်ထိုး မုန်တိုင်းထန်လာတတ်တယ်..။

ဒေါသပါလာပြီဆိုကတည်းက ဘယ်လောက်မှန်နေပါစေ အမှားဘက်ကို ရောက်သွားပြီ။ ကောင်းကျိုးတွေ စိတ်သုဉ်းပြီး ဆိုးကျိုးတွေကိုပဲ ဆက်လက်ဖြစ်ပေါ််လာမှာအသေအချာပဲ..။ နှစ်ဦးနှစ်ဖက် အလျော့ မပေးတဲ့အခါ တဖြည်းဖြည်း ဒေါသမုန်တိုင်းပိုထန်လာပြီး စီးချင်းတိုက်ပွဲတစ်ခုလို ပြင်းထန်လာမှာပါ..။ ဒါဆိုရင် ဘယ်သူနိုင်မလဲ....

ဒီနေရာမှာ ဖြစ်ပေါ််လာတဲ့ ကိုယ့်စိတ်ကို အမြန်မြင်မိတဲ့သူက အောင်နိုင်သူပဲ...။ မှားသည် မှန်သည်ထက် ‌ကိုယ့်ရဲ့ ဒေါသစိတ်ကို ကိုယ်တိုင်မြင်ပြီး ထိန်းချုပ် ဖျောက်ဖျက်နိုင်သူက ဒီပွဲရဲ့ အောင်နိုင်သူပဲ..။

ကိုယ့်ရဲ့ ဒေါသစိတ်ကိုမမြင်ဘဲ အတ္တတွေက အနိုင်ယူသွားတဲ့အခါ နောက်ဆုံးမှာ နှစ်ဦးနှစ်ဘက်လုံး ဆုံးရှံးနစ်နာမှုတွေ ကြုံရမှာ အသေအချာပဲ...။

U Hlaing Kyaw Tun
(26-10-2022)

No comments: