တော်သလင်းလပြည့်
ဂရုဓမ္မအခါတော်နေ့
Autor : ပါမောက္ခခိုင်ခိုင်ရီ
မြန်မာ့တစ်ဆယ့်နှစ်လအနက်
တော်သလင်းလပြည့်နေ့သည် ဂရုဓမ္မအခါတော်နေ့ဟု ထင်ရှားသောလပြည့်နေ့ဖြစ်၏။
ဂေါတမမြတ်စွာဘုရားသည် ဂရုဓမ္မဇာတ်တော်ကို ဟောကြားခြင်းအား အကြောင်းပြု၍
တော်သလင်းလပြည့်နေ့ကို ဂရုဓမ္မအခါတော်နေ့အဖြစ် ဗုဒ္ဓဘာသာဝင်များ
သတ်မှတ်ကျင်းပကြသည်။ ဂရုဓမ္မ၏အဓိပ္ပာယ်မှာ ငါးပါးသီလ စောင့်ထိန်းခြင်းဟုရရှိ၏။ သူတော်ကောင်းတို့
အလေးဂရုထား၍ ကျင့်သုံးအပ်သောကြောင့်လည်း ဂရုဓမ္မသီလဟု ခေါ်ဆိုပါသည်။ ငါးပါးသီလပျက်စီးသူသည် နား၊
မျက်စိချို့ယွင်းသူကဲ့သို့ ဆင်းရဲဒုက္ခရောက်တတ်၏။ အသက်ရှင်လျက်နှင့်
သေသူနှင့်မခြားပါပေ။
ခြေပြတ်၊ လက်ပြတ်၊
ဦးခေါင်းပြတ်သောသူနှင့်တူ၏။ သေသောအခါ အပါယ်ငရဲသို့ကျတတ်၏။ စောင့်ထိန်းသူကား
နတ်ရွာနိဗ္ဗာန်သို့ဆိုက်ရောက်နိုင်ကြောင်း အဋ္ဌကထာဆရာများ
မိန့်ဆိုကြ၏။
သာဓကဇာတ်တော်အဖြစ်
တိကနိပါတ် ဂရုဓမ္မဇာတ်ကို ဥဒါဟရုဏ်ဆောင်ပါမည်။ ရှေးက ကလိင်္ဂတိုင်းနှင့်
ကုရုတိုင်းတို့ ထီးပြိုင်နန်းမင်းပြကြရာ ကလိင်္ဂတိုင်းပြည်၌ မိုးလေဝသမကောင်းသဖြင့်
သီးနှံများ မဖြစ်ထွန်းနိုင်ပေ။ ကလိင်္ဂတိုင်းသားတို့ ငတ်မွတ်ခေါင်းပါးသော ဒုဗ္ဘိက္ခန္တရကပ်ဘေးကြီးကို
ရင်ဆိုင်ကြရ၏။ ကုရုတိုင်းကား မိုးလေ မှန်ကန်၍ သီးနှံများ ဖြစ်ထွန်းကာ သာယာရေးချမ်းလျက်ရှိ၏။
ထိုအခါ ကလိင်္ဂတိုင်းသားတို့သည် ပြည်နီးချင်းဖြစ်သော ကုရုတိုင်း၌ အဉ္စနဝဏ္ဏ ဆင်တော်ရှိခြင်းကြောင့်ဟု
ဘုရင့်ထံလျှောက်ထားကြ၏။
ကုရုတိုင်းသို့
သံတမန်များစေလွှတ်၏။ ကောရဗျမင်းကြီးက ငွေအသပြာနှင့်မလဲလှယ်ဘဲ လှူဒါန်းသည်။
ဆင်တော်ကလိင်္ဂတိုင်းသို့ရောက်သော်လည်း မိုးမရွာပေ။ အကြောင်းကိုဖွေရှာရာ ကုရုပြည့်ရှင်နှင့်ပြည်သူများ
သီလစောင့်သောကြောင့်ဟုလျှောက်ထားကြရာ ပြည့်ရှင်မင်းကြီးက ကောရဗျမင်းထံ
ကုရုမင်းတို့ ကျင့်သုံးဆောက်တည်သော ဂရုဓမ္မသီလကို တောင်းယူစေ၏။
ကောရဗျမင်းကြီးအပါအဝင်
တစ်ကျိပ်တစ်ယောက်သောပုဂ္ဂိုလ်တို့၏ သီလအပေါ်အလေးအနက်ခံယူပုံကား
အံ့မခန်းမြင့်မြတ်လှပေသည်။ ကောရဗျမင်းသည် ကလိင်္ဂတိုင်းမှ
သီလတရား တောင်းခံသည့်အခါ မိမိသီလကိုပြန်လည် ဆန်းစစ်၏။ မိမိသီလ၌
အားရနှစ်သက်ခြင်းမရှိ။ ကောရဗျမင်းသည် ကြတ္တိကာနက္ခတ်နှင့် ယှဉ်သောပွဲသဘင်၌
ကန်ပေါင်ရိုးရှိ စိတ္တရာဇာနတ်မင်း၏နတ်ကွန်းအနီးရပ်လျက် မြားတို့ကိုပစ်လွှတ်ရာ
အခြားအရပ်သို့ ကျသောမြားတို့ကို မြင်ရသော်လည်း ရေပြင်သို့ပစ်လိုက်သောမြားကိုကား
ပေါ်လာသည်ကို မမြင်ရသောကြောင့် ငါပစ်လိုက်သောမြားသည် ရေထဲက ငါးကို ထိမှန်နေသလော၊
အကယ်၍ ငါးကိုထိမှန်သွားပါမူ ငါ၏ဂရုဓမ္မသီလ၌ ပါဏာတိပါတသိက္ခာပုဒ် ပျက်စီးလေပြီလောဟု
ယုံမှားသံသယဖြစ်၏ဟု ဆို၏။
အလှူခံအမတ်တို့က
အရှင်မင်းမြတ် သေစေလိုသော စေတနာရှိသည်
မဟုတ်သောကြောင့် အရှင်မင်းမြတ် သီလပျက်သည်ဟု မဆိုနိုင်ပါ။ အရှင်မင်းမြတ်ကဲ့သို့
သံသယကြီးစွာ ထိန်းသိမ်းအပ်သော ဂရုဓမ္မတရားသည် အလွန်သန့်စင်မွန်မြတ်သောတရားဖြစ်၍
ချီးမြှောက်တော်မူပါဟုလျှောက်ထားကြ၍ ရွှေပေလွှာထက်၌ ရေးကူးကြရ၏။
သို့သော် ဘုရင်မင်းမြတ်က ငါ့သီလ၌ ငါအားမရ။ ငါ၏မယ်တော်သည် ဂရုဓမ္မကိုလေးစားစွာ
စောင့်ရှောက်ပါသည်ဟု မယ်တော်ထံစေလွှတ်၏။
မယ်တော်ကြီးက အမောင်တို့
၊ ငါသည် ဂရုဓမ္မသီလကို စောင့်သည်ကားမှန်၏။ သို့ရာတွင် ငါသည် သံသယရှိနေ၏။ ငါ၌
သားနှစ်ဦးရှိရာ သားအကြီးမှာ စနဉ္စယျကောရဗျ မင်း ၊ သားအငယ်မှာ အိမ်ရှေ့မင်းဖြစ်၏။
အခါတစ်ပါး၌ မဟာမိတ်ဖြစ်သော တိုင်းတစ်ပါးဘုရင်က မင်းကြီးထံသို့ တစ်သိန်းတန်
စန္ဒကူးနံ့သာနှစ်တစ်ခုနှင့် တစ်ထောင်တန်ရွှေပန်းကုန်းတစ်သွယ် လက်ဆောင်ပို့လိုက်၏။
မင်းကြီးက ပူဇော်ကန်တော့သဖြင့် လက်ခံယူပြီး ချွေးမကြီးက မိဘုရားခေါင်ကြီးဖြစ်၍ ပြည့်စုံသည်။
ချွေးမငယ်က အိမ်ရှေ့မိဖုရားမျှသာဖြစ်၍ မပြည့်စုံ၊ တစ်သိန်းတန် စန္ဒကူးနံ့သာနှစ်ကိုပေးမည်ဟု
ဆင်ခြင်၍ ပေးခဲ့ဖူးရာ ငါသည် မျက်နှာလိုက်၍ ပေးရာရောက်နေသလော၊ ငါ၏ ဂရုဓမ္မသည်
ညိုးနွမ်းပျက်ဖွယ်ဖြစ်လေသလော ဟုဆို၏။ သံတမန်တို့လည်း ကိုယ်ပိုင်ပစ္စည်းကို ပေးကမ်းရာတွင်
ဤမျှလောက်သံသယရှိနေသာ မယ်တော်ကြီး၌ အသို့လျှင် သီလပျက်အံ့နည်းဟု သီလကိုတောင်ယူရေးမှတ်ကြ၏။
သို့သော် မိမိသီလ၌ သံသယရှိနေသေးသော မယ်တော်ကြီးက ချွေးမကြီးထံ သွားရောက်ရန် စေလွှတ်ပြန်သည်။
မိဖုရားခေါင်ကြီးကလည်း
မိမိသီလ၌သံသယဖြစ်နေပြန်သည်။ တစ်နေ့ မင်းကြီးဆင်တော်စီး၍ တိုင်းခန်းလှည့်စဉ်
မိဖုရားကြီးက နန်းလေသာပြတင်းမှရှုကြည့်ရာ မင်းကြီး၏နောက်ဘက်က အိမ်ရှေ့မင်းသားကို
မြင်လျှင် တပ်မက်စိတ်ဖြင့် အကယ်၍ ငါသည်အိမ်ရှေ့မင်းနှင့်ချစ်ကျွမ်းဝင်ပါမူကား နောင်တော်နတ်ရွာစံသောအခါ အိမ်ရှေ့မင်းသားသည်
ပြည့်ရှင်မင်း ဖြစ်၍ ငါ့ကိုသိမ်းပိုက်ကာ ချီးမြှောက်ရာ၏ဟု ကြံစည်မိလေသည်။
မိမိသီလ၌သံသယ မကင်းသော မိဖုရားခေါင်ကြီးအား စိတ်တော်မှားယွင်းကာမျှဖြင့်
ကာမေသုမိစ္ဆာစာရကံမမြောက်ပါဟု သံတမန်တို့ဆိုလင့်ကစားမိဖုရားကြီးက
အိမ်ရှေ့မင်းသားထံ စေလွှတ်လိုက်ပြန်၏။
အိမ်ရှေ့မင်းသားက
ညချမ်းအချိန်တွင် နောင်တော်ဘုရင်းမင်းမြတ်ထံ ညညီလာခံအခစားသွားလျှင်
နောင်ဘုရားထံ၌ ညစာပွဲတည်၍ နန်းတော်မှာပင်ညအိပ်မည်ဆိုလျှင် မြင်းဇက်ကြိုးနှင့်နှင်တံကို
ရထားဦးတွင်ထားခဲ့ရ၏။ ပြန်မည်ဆိုလျှင် ကြိုးနှင့်နှင်တံကို ရထားပေါ်၌ထားပြီး
အမှုထမ်းများကစောင့်ဆိုင်းရ၏။ တစ်နေ့တွင် ယခုပင်ပြန်မည်ဟုနှလုံးသွင်း၍
မြင်းဇက်ကြိုးနှင့်နှင်တံကို ရထားပေါ်၌ထားခဲ့၏။ နန်းတော်သို့ဝင်မိလျှင် မိုးရွာလာ၍
နောင်ဘုရားက ညစာပွဲတော်တည်ပြီး
နံနက်မှပြန်ရန်မိန့်ဆို၍ နန်းတော်၌အိပ်စက်ခဲ့မိရာ ရထားမှူးနှင့်အခြွေအရံတို့ကို
မပြောမိ၍ တစ်ညလုံးမိုးရေထဲ၌စောင့်ကြရကြောင်း၊
မိမိ၏သီလပျက်ပြီလောဟု သံသယရှိကြောင်း ပြောဆိုလေသည်။
တစ်ဖန်
အိမ်ရှေ့စံညွှန်ပြချက်ဖြင့် ပုရောဟိတ်ကြီးထံရောက်၍ ဂရုဓမ္မသီလကိုတောင်းခံကြရာ ငါသည်
တစ်နေ့သောအခါ မင်းတရားထံသို့ ညီလာခံတက်ရန် ခြေကျင်လျှောက်သွားနေစဉ်
တိုင်းတစ်ပါးမင်းက ယာဉ်ရထား တစ်စီးကို မင်းကြီးထံလက်ဆောင်ဆက်သရန် ရောက်လေရာ
လမ်း၌ဆုံစည်းမိ၏။ ငါသည်အသက်ကြီးလေပြီ၊ မင်းကြီးသည် ဤရထားကို ငါ့အားချီးမြှင့်လျှင်
ကောင်းလေစွဟူသော စိတ်အကြံဖြစ်မိ၏။
နန်းတော်ရောက်သည့်အခါ
ဘုရင်က ဤရထားသည်အလွန်ကောင်းမွန်သဖြင့် ပုရောဟိတ်ကြီးနှင့်သာ ထိုက်တန်ပါသည်ဟု
ချီးမြှင့်၏။ ပုရောဟိတ်ကြီးက
အကြိမ်ကြိမ်ငြင်းပယ်၏။ ဂရုဓမ္မတရားကို စောင့်ပါလျက် သူတစ်ပါး ပစ္စည်း၌
တပ်မက်လိုချင်သော လောဘစိတ်ကြောင့် မိမိသီလအပေါ် သို့လောသို့လောသံသယဝင်နေသော
ပုရောဟိတ်ကြီးအား မနောကံမျှဖြင့် သီလမပျက်နိုင်ကြောင်းဆို၍ ရေးကူးကြလေသည်။
ထို့နောက်
ပုရောဟိတ်ကြီး လမ်းညွှန်မှုဖြင့် မြေတိုင်းအမတ်ထံ ရောက်ကြပြန်၏။
လယ်မြေတိုင်းထွာချိန်တွင် ကြိုးကို လယ်ရှင်ကတစ်ဖက်၊ မြေတိုင်းအမတ်ကတစ်ဖက်ကိုင်ရ၏။
မြေတိုင်းအမတ်ဘက်က တုတ်ကိုစိုက်ရမည့် နေရာသည် ပုစွန်လုံးတွင်းနှင့်တည့်တည့် ကျနေ၏။
တုတ်စိုက်လိုက်လျှင်
ပုစွန်လုံးတွင်းထဲရှိပါကသေလိမ့်မည်။ တွင်းဝနှင့်လွတ်အောင်
တစ်ဖက်တွင်စိုက်ပြန်ကလည်း မင်းဘဏ္ဍာတော်ကိုထိခိုက်လိမ့်မည်။ အခြားတစ်ဖက်ကို
ရွှေ့ပြန်ကလည်း လယ်ရှင်၏ ဘဏ္ဍာပျက်စီး
ပေလိမ့်မည်။ တွင်းထဲ၌ပုစွန်လုံးရှိပါက
မြင်ရပေလိမ့်မည်။
ရှိမည်မထင်ဟုယူဆ၍ တုတ်ကို
တွင်းတည့်တည့်သို့ စိုက်လိုက်ရာ ပုစွန်လုံးက ကရိဟုမြည်သောအသံကို
ကြားရ၏။ ပုစွန်လုံး၏ကျောကုန်းကို စိုက်မိ၍ ပုစွန်လုံးသေလေသလောဟု သံသယဖြစ်ကာ မိမိသီလမစင်ကြယ်၊ မပေးလိုဟုဆိုသော်လည်း
အမတ်တို့ကမိမိသန္တာန်၌ သေစေလိုသောစေတနာမရှိသဖြင့်
ပါဏာတိပါတကံမမြောက်ဟု ဆိုကာ ရေးကူးကြပြန်၏။
ရထားမှူးထံရောက်ပြန်လေပြီ။
ရထားမှူးက မင်းကြီးကို ဥယျာဉ်သို့ ပို့သောတစ်နေ့တွင် နေဝင်ခါနီး
လမ်းခရီးအရောက်တွင် မိုးရွာအံ့ဆဲဆဲဖြစ်သဖြင့် မိုးလွတ်စေရန် သိန္ဓောမြင်းကို ကြာပွတ်သံပေးကာနှင်လေသည်။
ထိုနေ့မှစ၍ ဥယျာဉ်သို့
ထွက်သောအခါတိုင်း ဤနေရာရောက်လျှင် သိန္ဓောမြင်းသည် ဤအရပ်၌အန္တရာယ်ရှိရာသည်။
ထို့ကြောင့် ရထားမှူးသည် ငါတို့ကိုနှင်တံဖြင့် ပြေးစေသည်ဟု ထင်မှတ်သဖြင့်
အားစိုက်၍ပြေး၏။
မြင်းများအကြောင်းမဲ့
ပြေးရသဖြင့် ပင်ပန်းခြင်းကြောင့် ဂရုဓမ္မသီလပျက်ပြီဟု စိတ်ဝမ်းမချမ်းသာခဲ့ရပေ။
သူဌေးကြီးထံရောက်ကြပြန်ရာ သူဌေးကြီးက ကျွန်ုပ်သည် တန်ဆောင်မုန်းလ
ဖုံးတုန်းလုံးတုန်းအခါ၌ မိမိလယ်တောသို့ သွားရောက်ကြည့်ရှု၏။
ကောက်ညွန့်ကောက်ပန်းလုပ်၍ စပါးနှံတစ်ခိုင်ကို လက်တစ်ဆုပ်စာမျှ ရိတ်ယူခဲ့၏။
အိမ်အရောက် ဤသို့စဉ်းစားမိသည်။
ဤလယ်မှထွက်သောစပါးထဲက
ပြည့်ရှင်မင်း၏အခွန်အစုကို ကျသင့်သမျှပေးဆောင်ရဦးမည်၊ မပေးရသေးသောလယ်မှ
ဤကောက်နှံတစ်ဆုပ်ကို ယူခဲ့မိလေပြီဟု နောင်တရလျက်နေသည်။ အခွန်တော်မပေးလိုသော
သဘောမရှိသောကြောင့် ဂရုဓမ္မသီလမပျက်ပါဟု ဆိုလျက်
တင်းခြင်အမတ်နှင့်တွေ့ပြန်သည်။
တင်းခြင်အမတ်က
ဘုရင်၏အခွန်ဆောင်ရမည့်စပါးများကို ခြင်ရာတွင် မင်း၏အစုဖြစ်သော စပါးများကို
ခြင်စေရာ မခြင်ရသေးသော စပါးများထဲမှ စပါးစေ့များကိုယူ၍ တင်းအရေအတွက်ကိုမှတ်သည်။
စပါးခြင်ဆဲ၌ မိုးရွာသောကြောင့် အမှတ်အသားပြုသော စပါးစေ့များကို ခြင်ပြီးသား
စပါးပုံထဲထည့်လိုက်မိသလား ဝေခွဲမရတော့။ အကယ်၍ ထည့်လိုက်မိလျှင် စပါးရှင်၏စပါးကို
ဆုတ်ယုတ်စေရာရောက်သဖြင့် ဂရုဓမ္မပျက်သွားပြီလောဟု သံသယပွားမိကြောင်း ဆိုသည်။
နောက်တစ်ဖန် တံခါးမှူးထံရောက်လျှင်
တံခါးမှူးက တစ်နေ့သ၌ မြို့တံခါးပိတ်ရန် အချိန်ရောက်၍ ပြုမြဲအတိုင်း
မြို့တံခါးပိတ်မည့်အကြောင်း သုံးကြိမ်ကြွေးကြော်၏။ လူဆင်းရဲတစ်ယောက်သည်
နှမငယ်နှင့် တောသို့ထင်းခွေ၊ ဟင်းရွက်ခူးသွားကြရာ တံခါးမှူးကြွေးကြော်သံကြောင့် အဆောတလျင်တံခါးဆီသို့ လာသည်ကိုမြင်၍ “သင်သည်
မြို့တော်၌ဘုရင်ရှိသည်ကိုပင် မသိသလော။ ကိုယ့်မယားကိုခေါ်၍ တော၌ကာမဂုဏ်ဖြင့် မွေ့လျော်ကာ
တစ်နေ့လုံးပျော်ပါးနေရသလောဟု ပြောလိုက်မိ၏။ နှမဖြစ်ကြောင်းသိသောအခါ
ဂရုဓမ္မသီလပျက်ပြီလောဟု ပူပန်နေ၏။
သံတမန်တို့သည် တံခါးမှူးထံမှ
သူ၏သီလကို မရအရတောင်းယူပြီးနောက် နောက်ဆုံးအနေဖြင့် ပြည့်တန်ဆာမ ထံရောက်လာကြသည်။
ပြည့်တန်ဆာမက လုလင်တစ်ယောက်သည် တစ်နေ့အတွက် အသပြာတစ်ထောင်ပေးပြီးနောက် ထွက်သွားရာ
သုံးနှစ်တိုင်စောင့်သော်လည်း ပေါ်မလာတော့ပါ။ မိမိ၏ဂရုဓမ္မသီလပျက်မည်စိုး၍
တစ်ပါးယောကျ်ားထံမှ ငွေကြေးလက်မခံပါ။ ယခုအခါ ဆင်းရဲကျပ်နေကြောင်း
တရားသူကြီးမင်းတို့ထံ အဆုံးအဖြတ်တောင်းခံရာ သုံးနှစ်တိုင် စောင့်ပြီးဖြစ်၍ အခြားသူတို့ထံမှအခကြေးငွေကိုယူရန်
အဆုံးအဖြတ်ပေးကြ၏။ တရားရုံးအဆုံးအဖြတ်ရပြီး ထွက်လာခါစမှာပင် ယောက်ျားတစ်ယောက်က
ငွေတစ်ထောင်ပေး၍ ကမ်းလှမ်းလာ၏။ ထိုငွေကိုယူတော့မည်ဟု လက်လှမ်းလိုက်သော ခဏတွင်ပင်
လွန်ခဲ့သောသုံးနှစ်က လုလင်ကရောက်လာ၏။ စင်စစ် ပြည့်တန်ဆာမ၏ ဂရုဓမ္မသီလမြဲပုံကို စုံစမ်းလို၍
သိကြားမင်း လုလင်အသွင်ဖြင့်ရောက်လာခြင်းဖြစ်သည်။ သိကြားမင်းသည်
ကိုယ်ရောင်ကိုယ်ဝါတောက်ပစွာ ကောင်းကင်၌တည်နေ၍ မြို့သူမြို့သားများကို မင်းရင်ပြင်၌
စုဝေးစေကာ ဤပြည့်တန်ဆာမကဲ့သို့ ဂရုဓမ္မသီလစောင့်ထိန်းရန် သြဝါဒပေး၏။
ပြည့်တန်ဆာမမူကား မိမိသည် သိကြားမင်းပေးသော ငွေတစ်ထောင်ကိုယူလျက် တာဝန်မကျေသေးဘဲ
အခြားသူတစ်ဦးထံမှငွေကိုယူရန် လက်လှမ်းမိသောကြောင့် ဂရုဓမ္မသီလပျက် လေသလောဟု
သံသယဖြစ်မိကြောင်းပြောရာ သံတမန်အမတ်တို့က တရားသူကြီးများ အဆုံးအဖြတ်ရပြီးဖြစ်၍
လက်ဖြန့်ကာမျှဖြင့် သီလမပျက်ပါ။ သူငယ်မ၏သီလသည် အလွန်စင်ကြယ်ပါ၏ဟု ချီးမွမ်းကြကုန်၏။
ကလိင်္ဂပြည်ပြန်ရောက်သော်
ဂရုဓမ္မတရားမြတ်ကို ပြည့်ရှင်မင်းအားဆက်သကြပြီး မင်းနှင့်ပြည်သူအားလုံး
ဂရုဓမ္မသီလကို ဆောက်တည်ကြရာ ရာသီဥတုကောင်းမွန်သဖြင့် စပါးကောက်နှံဖြစ်ထွန်းကာ
ကပ်ဘေးသုံးပါးလည်း အလိုအလျောက်ပျောက်ကင်း ချမ်းသာကြကုန်၏။
ရိုးသားစွာဖေးကူနေထိုင်လျက်
ငါးပါးသီလကို လုံခြုံခြင်းဖြင့် ကပ်ကြီးသုံးပါးမှ လွတ်မြောက်အောင်
အားထုတ်ကြပါစို့ဟု ရေးသား တိုက်တွန်းအပ်ပါသတည်း။ ။
Credit: ပါမောက္ခခိုင်ခိုင်ရီ